(၆) တတောဝင်၍ တတောင်ကျော်။
ကျွန်တော်ကို ခရီးဆက်ခဲ့ကြပြန်ပြီ။ ထိုနေ့မနက်ကို ကျွန်တော် အမြဲ သတိရနေမည် ဖြစ်ပါသည်။ ရွာသားများက ကျွန်တော်တို့ကို ခရီး မဆက်ရန် တားကြပါ၏။ တဦးနှင့်တဦး ခင်မင်ခဲ့ကြပြီမို့လည်း ကျွန်တော်တို့အပေါ် စေတနာထား၍ ပြောခြင်းဖြစ်သည်။
သို့သော်လည်း ကျွန်တော်တိုကား ခေါင်းမာလှ၏။ တားမရသည့်နောက်ဆုံး ဝမ်းပမ်း တနည်း လိုက်လံ ပို့ဆောင် နှုတ်ဆက်ကြပါသည်။ ကိုမင်းခိုင်က အထူး ကျေးဇူးတင်ကြောင်း ရယ်ရွှင်ကာ ပြော၏။
ကိုမင်းခိုင်၏ အိတ်ထဲမှ ကျောက်စာကူးသော ဖယောင်းစက္ကူအချို့နှင့် ပစ္စည်းအချို့ကို ထုတ်ကာ ကျွန်တော့အိတ်တွင် ထည့်ရသည်။ သူ့ အိတ်ကိုမူ ဘုန်းကြီးကျောင်းတွင် ထားရစ်ခဲ့ရသည်။ သူ၏ တရောကို ပါ ထားခဲ့ရန် ပြောသော်လည်းမရပါ။ ထို့ကြောင့် တရောအိတ်ကို ကြိုးများနှင့် ချည်ပေးရသည်။
သူက တရောကို ပုခုံးတွင်စလွယ်သိုင်းလျက် တုတ်ကောက်ကို အားပြုကာ တဖြည်းဖြည်းချင်း သွားနေ၏။
ကျိုက်ဒေးရွာသည်ကား တဖြည်းဖြည်း ဝေးကျန် ခဲ့ပြီ။ ကျွန်တော်တို့ ရှေ့တွင်ကား အဆုံးအစမရှိ ကျယ် ပြော၏။ နွေလေပူများက တသုံသုံ တိုက်ခတ်လျက်ရှိသည်။ ရွက်ကြွေတို့က တောအလုံး တောင်အနှံ့ ကြွေကျ နေကြသည်။ တချို့မှာ မြေပြင်တွင် တီးတိုး စကားများ ဆိုလျက် ရှပ်တိုက် ပြေးလွှားနေကြသည်။ တချို့လဲ အာကာဘုံတွင် မြူမှုံရောလျက် လွင့်ဝဲနေကြသည်။
ကျွန်တော်တို့က တတောဝင်ပြီး တတောင်ကျော် ဖြင့် ခရီးဆက်နေကြ၏။ သို့သော် “စကားဝါမြိုင်နန်း” သို့ သွားနေသည်ကားမဟုတ်။ ကျေးငှက်တို့၏ တေးဆိုသံများဖြင့် လှပ သာယာသော နွေ၏ ပန်းခင်း ဥယျာဉ်သို့လည်း သွားနေကြသည်မဟုတ်။ ချစ်သောသူ လှရာရာကိုယ်တိုင် ရွေးရန်အတွက် ပန်းမျိုးတရာ ကို ခူးချွေရန်လည်း မဟုတ်ပါ။
ကျွန်တော်တို့မှာ ဂီတသမားများ ဖြစ်ကြသော်လည်း လှပသော အတွေးကို မတွေးတောနိုင်ကြ။ တေးကဗျာ ထံတျာချိုနွဲ့ကိုလည်း မရေးစပ်နိုင်ပါ။ ပူပြင်းသော နေရောင်အောက်ဝယ် နက်ရှိုင်း ထူထပ်သော တောများနှင့် မြင့်မားသည့် တောင်တန်းများကို ဖြတ်သန်းလျက် ခရီးပြင်း နှင်နေကြခြင်း ဖြစ်သည်။
ကိုမင်းခိုင်မှာ ခြေထောက်ဒဏ်ရာကြောင့် ထော့နင်းထော့နင်းဖြင့်သာ လမ်းလျှောက်နိုင်၏။ မကြာ ခဏလည်း နားပေးရသည်။ ထို့ကြောင့် ထင်သလောက် ခရီးမတွင်လှ။
“ကျွန်တော်တို့ လုပ်နေတာ မှန်တယ်ဗျ၊ ကိုရွှေကိတ်ရ” တခုသောအရိပ်တွင်ခိုနားစဉ် ကိုမင်းခိုင်ကစကား စလာ၏။
“ဘာကိုပြောတာလဲဗျ”
“ဪ….ဒီလိုပါ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို ဖေါ်ထုတ်ထိန်းသိမ်း ကိစ္စဟာ တိုင်း ရင်းသားတွေရဲ့ တာဝန်ဘဲ။ ဥစ္စာရင်လို ဥစ္စာ ရှင်ခံရမယ်တဲ့။ ဒါ့ကြောင့် ခု ကျွန်တော်တို လုပ်နေတာဟာ သဘာဝ သိပ်ကျတယ်။ ဟိုရွာရောက်ရင် ကျောက်စာကို လေ့လာကြမယ်၊ ကူးယူတန် ကူးယူမယ်။ လိုအပ်ရင် ကျောက်စာဌာနကို အကြောင်း ကြားမယ်။ နောက်ပြီး သီချင်းထက် ဂီတသင်္ကေတ ရေး၊ ပြီးတော့ စာအုပ်ထုတ်တန်ထုတ်မယ် ဒီထက် အဘိုးတန်တာ ဘာရှိလဲဗျာ”
“အဘိုးတန်တာတော့ ဟုတ်ပါပြီ။ ဒီလို သူပုန်တွေ ရှိတဲ့နေရာကို ရောက်လာတာ မိုက်ရူးရဲများ ကျနေမလား”
ကျွန်တော်တို့သည် နေမဝင်ခင် ရှေ့ရွာ အရောက် သွားရမည်ဖြစ်သောကြောင့် သစ်ပင်ရိပ်ကို ခွါခဲ့ရ သည်။ လမ်းတွင် ကိုမင်းခိုင်က ဆက်ပြော၏။
“နောက်ပြီး ကျွန်တော်တိုဆီမှာလဲ လက်နက်ကိုယ်စီ ပါသားဘဲ”
“ဘာဗျ – လက်နက်ကိုယ်စီ ဟုတ်လား၊ ဘယ်မှာလဲ” ကျွန်တော်က တအံ့တသြမေးလိုက်၏။
“ဒီမှာလေ မတွေ့ဘူးလား၊ အိတ်မဲကြီးနဲ့ ကျွန်ကော် လွယ်ထားတာ ခင်ဗျားလက်ထဲမှာလဲ ကိုင်ထား သားဘဲ။ ကျွန်တော် လွယ်ထားတာက ကာဘိုင်၊ ခင်ဗျားကိုင်ထားတာက ဂျီသရီးပေါ့၊ ဟား-ဟား- ဟား” သူက စကားအဆုံး ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
ကွန်တော်ပါ ရယ်မိ၏။ သူပြောမှ ကျွန်တော် သတိထားကြည့်မိ၏။ တရောအိတ်ကို ကြိုးဖြင့် ချည်၍ စလွယ်သိုင်း လွယ်ထားသည်မှာ သေနတ်နှင့် မခြား။ ကျွန်တော့ လက်ထဲတွင်လည်း ထိုအတိုင်းပင်။
သို့သော် ခက်သည်က ကျွန်တော်ကိုလက်နက်များ မှ ကျည်ဆံမထွက်ဘဲ “ဂီတ”သာ ထွက်သောကြောင့် ဖြစ်၏။ မည်သို့ဆိုစေ၊ တနည်းအားဖြင့် အနုပညာသည်လည်း လက်နက်တခု မဟုတ်ပါလား။
ကိုမင်းခိုင်ကမူ တရွေ့ရွေ့ တလှုပ်လှုပ်ဖြင့် ခရီး ဆက်နေ၏။ မောသောအခါ နားလိုက်၊ နားပြီးလျှင် ဆက်လိုက်။ သူ့ ကိုကြည့်ပြီး ယခု အဖြစ် အပျက်မှာ တကယ်မှဟုတ်ပါလေစ၊ အိပ်မက်များလားဟု ထင်ရ သည်။
သို့သော် ကျွန်တော်တို့ အဖြစ်မှာ အိပ်မက် မဟုတ်။ တကယ်ဖြစ်နေ၍ ခက်၏။ ဤသို့ဖြင့် ကျွန်တော်ကိုသည် ပင်ပမ်းကြီးစွာဖြင့် ရီးနှင်ခဲ့ကြရာ တတိယမြောက်ရက်တွင် “ဒဵုပရောင်” သို့ ရောက်ခဲ့သတည်း။
(၇) စေတီဟောင်းနှင့် ကျောက်စာတိုင်။
“ဒဵုပရောင်” မှ လမ်းညွှန်ချက်အရ မနက်အစောကြီး တွင် ခရီးဆက်ခဲ့ကြရာ “ခွာဟဲ”တွင် မနက်စာ စား သည်။ ကျွန်တော်တို့ ပန်းတိုင်ကား မဝေးတော့ပြီ။ ယခုအတိုင်းဆိုလျှင် ကျွန်တော်တို့၏ ခရီးလမ်းဆုံး “ကွမ်ဒုံ””သို နေမဝင်မှီ ရောက်တော့မည်။
ကိုမင်းခိုင်ကား အထူး နှုတ်ဆိတ်လျက် ခြေလှမ်း သွက်လာသည်ကို တွေ့ရ၏။ ခါတိုင်းကဲ့သို ကြာရှည် စွာ မနားဘဲ ဆက်တိုက် ဆက်တိုက် လှမ်းလျက်ရှိ သည်။ ဤသို့ဖြင့် နေညိုခါစ ညနေခင်းတွင် ရှေ့မှ ရွာ တရွာကို မြင်၏။
“ဒါ-ကွမ်ဒုံဘဲဗျ” ကိုမင်းခိုင်က လှုပ်ရှားမြူးတူးသော အသံဖြင့် ပြောလိုက်၏။
ရွာနား ရောက်ခါနီးကွင် အဘိုးကြီးတဦး ထွက်လာသည်။
“ဘကြီး-ဒါဘာရွာလဲ”ကိုမင်းခိုင်က မေးလိုက်၏။
“ဒါ ကွမ်ဒုံလေ- နေပါအုံး….မောင်ရင်တိုက ဘယ်အရပ်က လာကြသတုံး” မွန်စကား ဆိုသော်လည်း လေသံမှာ တမျိုးထူးနေ၏။ သိုသော်လည်း နားလည်နိုင်ပါသည်။
“ကျွန်တော်တို့ ဒီရွာမှာရှိတဲ့ မွန်ကျောက်စာဆီကို လာကြတဲ့ လူတွေပါ။ ဒီရွာကို ကျွန်တော်လူကြုံနဲ့ စာ ပေးထားပါတယ်”
“ဟာ… ဒီလူတွေလား။ ကျုပ်ကိုလဲ ကြားထားပါ တယ်။ တရွာလုံးကလဲ မောင်ရင်တို့ကို မျှော်နေကြ တယ်။ ဟား-အထီဗျု ဆိုရင် မောင်ရင်တို့ကို ပိုတွေ့ ချင်သေးတယ်” အဘိုးကြီးက အားပါးတရ ပြောပြ၏။
“အထီဗျုဆိုတာ ဘယ်သူလဲ ဘကြီး”
“အထီဗျုလား…. မိကျောင်းဆရာကြီးလေ။ မောင်ရင်တို့ သူ့ဆီလာပြီး မွန်သီချင်းတက်မယ်ကြားကတည်းက သိပ်ပျော်နေတာ။ ဒို့ ရွာဟာ သိပ်တောကျတယ်ကွဲ့ ။ ဧည့်သည်ရောက်ခဲတယ်။ ခုမှတခါတလေ မှောင်ခိုကူးသမားတွေ ရွာနားဖြတ်သွားကြတာ-လာ-လာ- မောင်ရင်တို့ကို လိုက်ပို့ပေးမယ်”
“ကျောက်စာက တော်တော်ဝေးလား။ ဖြစ်နိုင်ရင် ကွန်တော်တို ခဏလောက် ဝင်ကြည့်ချင်တယ်” ကိုမင်းခိုင်က လောနေလိုက်သေးသည်။
“ဟာ….မဝေးဘူး။ ရွာဘေးနား ကပ်နေတယ်။ လမ်းလဲ အတော်ဘဲ။ စေတီဟောင်းကို ပြန်ပြင်ဘို့ လုပ်တာနဲ့ ခြုံတွေတောတွေရှင်းရင်း ကျောက်စာ တွေ့တာဘဲ။ ကျုပ်တို့တော့ ဘာမှ နားမလည်ဘူး။ ကဲ…… ဒီလိုဆို လိုက်ပြမယ်။ ပြီးတော့ တဆက်ထဲ ရွာထဲ ဝင်ကြတာပေါ့” – အဘိုးကြီးက အားပါးတရ ပြောကာ ရှေ့မှ ထွက်သွား၏။
ကျွန်တော်တို့က ရွာဝင်လမ်းနှင့် အဆင်ပြေသည်ဆိုသဖြင့် ခဏဝင်ကြည့်သွားချင်သည်။ ခဏကြာ သောအခါ စေတီဟောင်းတဆူကို လှမ်းမြင်ရသည်။
စေတီဟောင်းကား တောင်ကုန်းကလေး တခုပေါ် တွင် တည်ရှိသည်။
ကျွန်တော်နှင့်ကိုမင်းခိုင်ကား တယောက် မျက်နှာ တယောက် ခေတ္တစူးစိုတ်ကြည့်မိကြသည်။ ထိုနောက် စေတီနှင့် ကျောက်တိုင်ရှိရာသို့ ဆက်လာကြသည်။
စေတီဟောင်းနှင့် မနီးမဝေးရှိ ကျောက်စာတိုင်ဟောင်းကား ကျွန်တော်တို့အား ရင့်ကျက်သော အိန္ဒြေဖြင့် စောင့်ကြိုနေသည်။ ကျောက်စာတိုင် ဝန်းကျင်၌ကား ရွက်ကြွေများဖြင့် ပြည့်နေ၏။ ပင်ယံထက် မှလည်း တဖြုတ်ဖြုတ်ကြွေကျနေသည်။
ပတ်ဝန်းကျင်တွင်ကား အုံ့ပျံ့ဝေမှိုင်း မြူခြေ ဆိုင်းလျက် ရှိသော နွေ၏ လွမ်းစဖွယ် ဆည်းဈာ အောက်ဝယ် တောတောင်သည် သာမောဘွယ်အတိ ရှိ၏။ အနောက်ဖက်၌ ဝင်လုဆဲဆဲ နေမင်းကြီးသည် ကျွန်တော်တို့ကို နှုတ်ဆက်နေသည်။ ရွာတွင်းမှပျံလွင့် လာသော ငြိမ့်ငြောင်းငြင်သာ မိကျောင်းတူရိယာသံက ကျွန်တော်တို့ ချွေးသွေးများဖြင့် ရင်းကာလာခဲ့ရသော ကန္တာရခရီးကြမ်း ဆုံးခန်းတိုင်ပြီဟု ဟစ်ကြွေးနေပေသည်။ ။
ရာမည- မိုးစွေ