(၁) ကုလားကုတ်ကျွန်း၏ နွေဦးည။
ကျွန်တော်စီးလာသော “အောင်ဝင်းရွှေ” စက်လှေ ကုလားကုတ်ကျွန်းသို ရောက်လာသောအခါ ညနေ ၆နာရီထိုးပြီ။ နေမင်းကြီးလည်း ပြာလဲ့သော ရေပြင်အောက်သို့ ငုပ်လျှိုးခဲ့ပြီ ဖြစ်သည်။
ကုလားကုတ်ကျွန်း၏ “အလယ်ဆိပ်”တွင် ရပ်ပေးသည်။ လှေသားတယောက် လှမ်း၍ခေါ်ထားသဖြင့် ဆိပ်ကမ်းမှ ကူးတို့ လှေကလေးတစီးသည် ရေလယ်တွင် ဆိုက်ထားသော စက်လှေသို့ လှော်လာလျက်ရှိ၏။
ကျွန်တော်က ပဲ့နင်းကြီးအား လက်ဆွဲနှုတ်ဆက်လိုက်၏။
“ခုလို- ကုလားကုတ်ကျွန်းမှာ ကျွန်တော် အ တွက် ရပ်ပေးတာကို ကျေးဇူး တင်မဆုံးပါဘူးဆရာ၊ နောက်တော့ တွေ့ကြသေးတာပေါ့”
“အေးဗျ..အမှန်က အဝေးပြေးစက်လှေဆိုတာ ခရီးသည်တယောက်ထဲအတွက် ဒီလိုလမ်းခုလတ်မှာ ရပ်ပေးရိုးမရှိဘူး၊ ခင်ဗျားအတွက်တော့ အထူးအခွင့် အရေးပေးတဲ့သဘောနဲ့ ရပ်ပေးတာဘဲ။ ကဲ-ကူးတို လှေလဲရောက်ပြီ၊ ခင်ဗျားရဲ့ ခရိုးစဉ် ချောမောပါစေ လို့ ဆုတောင်းပါတယ်”
“ဆရာလဲ မော်လမြိုင်ကို ချောမောစွာရောက်ပြီး ၊ မိသားစုနဲ့ ပျော်ရွှင်ချမ်းမြေ့ ရှိကြပါစေလို့ ကျွန် တော်ဆုတောင်းပါတယ်၊ သွားပြီဗျို့”
ကျွန်တော်က ပဲ့နင်းကြီးအား အပြီးသတ် နှုတ်ဆက်လိုက်ပြီး ကူးတို လှေပေါ်သို့ ဆင်းလိုက်သည်။ ကုလားကုတ် ကျွန်းတွင်ဆင်းမည့် ခရီးသည်မှာ ကျွန်တော်တယောက်တည်းသာ ရှိပါသည်။
ကျွန်တော်တို့ လှေကလေး ဆိပ်ကမ်းဘက်သို့ ထွက်လာသော အခါတွင်ကား အောင်ဝင်းရွှေ စက်လှေလည်း ဆူညံသောစက်သံဖြင့် မော်လမြိုင်ဘက်သို့ ဆက်လက် ထွက်ခွာသွားတော့သည်။
ရေပြင်တွင် လှိုင်းဂယက်များ ထသွားသည်မို့ လှေကလေးသည် လူးလွန့် သွား၏။ ခဏကြာသောအခါ ဆိပ်ကမ်းသို့ ကပ်မိသည်။
ကျွန်တော်သည် ကူးတို့ခကို ရှင်းပေးပြီးနောက် ကုလားကုတ်ကျွန်းပေါ်သို့ ခြေချလိုက်သည်။ ကျွန်တော့်တွင် ပစ္စည်းများများမပါ။ အိတ်ဖြင့်ထည့်ထားသော မယ်ဒလင်တလုံးနှင့် သားရေအိတ်တလုံးတို့သာ ပါ၏။
ကိုမင်းခိုင်၏ အရေးတကြီး မှာထားချက်အရသာ ဤနေရာတွင် ကျွန်တော်ဆင်းခဲ့ခြင်းဖြစ်သည်။ အမှန်က ပုလောမှ မော်လမြိုင် ဆက်သွားဘို့ ဖြစ်၏။
ယခုမူ ကုလားကုတ်ကျွန်း၏ မှောင်ရီ ပျိုးချိန်တွင် ကျွန်တော် ယောင်လည်လည် ဖြစ်နေ၏။
လာကြိုနှင့်မည်ဆိုသော ကိုမင်းခိုင်ကို အရိပ် အယောင်မျှပင်မမြင်ရသေး။ ကုလားကုတ်ကျွန်း အလယ်ဆိပ် ရွာကလေး သည်ကား မှောင်စပြုပြီမို့ မီးခွက်ကိုယ်စီထွန်းကြပြီ ဖြစ်၏။ သို့သော် ကောင်းကင်ပြင်တွင်ကား တပေါင်း လပြည့်ဝန်းသည် တင့်ရွှန်း တောက်ပ လျက် ရှိသည်။
“နောင်ကြီးက ပုလောက စိုက်ပျိုးရေးဆရာလား”
မှောင်ရိပ်ထဲမှ လူရွယ်တယောက် ထွက်လာပြီး အသံဝဲဝဲဖြင့် မေးလိုက်၏။
ကျွန်တော်က စူးစိုက် ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ချက်ချင်းဆိုသလို၊ ကျွန်တော် နားကပ်လာပြီး… “ကျွန်တော် ကိုမင်းခိုင် လွှတ်လိုက်တာပါ သူ စောင့်နေပါတယ်။ ကဲ….သူ့ဆီသွားကြစို့” သူက ဒါဘဲပြောသည်။
ကျွန်တော့် လက်ထဲမှ သားရေအိတ်ကိုဆွဲပြီး ရှေ့မှစိုက်စိုက်ဖြင့် ထွက်သွားရာ ကျွန်တော်လည်း တိတ်ဆိတ်စွာဖြင့် သူ့နောက် လိုက်သွား မိသည်။
ကမ်းခြေတလျှောက် ဟိုကွေ့ သည်ကောက်ဖြင့် အတန်ကြာသွားရသည်။ တောင် ဆွယ်ကလေးတခုကို ကျော်လွန်သည့် အခါတွင်ကား ငွေလရောင်ဖြင့် တဖိတ်ဖိတ် တောက်နေသော သဲသောင်ပြင် အစပ်တွင် ဆိုက်ထားသည့် ရွက်လှေ ကလေးတစီးကို တွေ့ရသည်။
လှေပေါ်မှ လူတယောက် ခပ်သွက်သွက်ဆင်းလာပြီး ကျွန်တော် လက်ထဲမှ မယ်ဒလင်ကို ယူလိုက်၏။ ကျွန်တော်၏ ညာလက်ကို သူ့ညာလက်ဖြင့် ဖျစ်ညှစ်ထားသည်။
ကျွန်တော်သည် သူ့မျက်နှာကို စိုက်ကြည့်လိုက် သည်။ လရောင်နှင့် အမှောင်ရိပ်ကြောင့် မှောင်တဝက် လင်းတဝက်ဖြစ်နေသော်လည်း ကောင်းစွာ မှတ်မိပါ၏။ ပင်လယ်လေကြောင့် လူးလွန့်လျက် ရှိ သော ဆံပင်စုတ်ဖွား ထို့နောက် မဲနက်နေသော မုတ်ဆိတ်မွေးများ။ ကျွန်တော်က စိတ်လှုပ်ရှားစွာ အသံထွက်လိုက် မိသည်။
“အေးဗျာ… ကျုပ်မှာတဲ့အတိုင်း ခင်ဗျားရောက်လာတဲ့အတွက် သိပ်ဝမ်းသာတာဘဲ ခင်ဗျာ၊ ခင်ဗျား ဗျားပို့လိုက်တဲ့ကြေးနန်း မနေ့ကရပါတယ်၊ ဒါပေမဲ့ *လှေဆိပ်အရောက် လာမကြိုတာကိုတော့ စိတ်မရှိပါနဲ့ဗျား”
သူက ထုံးစံအတိုင်း အေးဆေးစွာ ပြောလိုက် ၏။ ပီသကြည်လင်သော သူ၏ မွန်စကားကြောင့် စိတ်ထဲ၌ အတော်ကြေနပ်မိသည်။
“ကဲ…. ကျွန်တော်တို ကော့ဒွတ်ရွာကို ခုချက် ချင်းခရီးဆက်ကြမယ်။ ဒီကျွန်းမှာ အချိန်ကြာနေလို့ မဖြစ်ဘူး။ ဒါ့ကြောင့် ဆိပ်ကမ်းအရောက် ခင်ဗျားကို လာမကြိုနိုင်တာပါ”
သူက ကျွန်တော် နားကပ်ကာ ပြောလိုက်သည်။
“အော်…. ခင်ဗျားနဲ့ မိတ်ဆက်ပေးရမယ်၊ ဒါ ကော့ရွတ်ရွာက မင်းပန်းစိန်ဘဲ။ ဟေ့ကောင် ပန်းစိန်၊ ဒါ ငါခဏခဏပြောနေတဲ့ ကိုရွှေကိတ် ဆိုတာဘဲ” ကျွန်တော် ဘေးတွင် တချိန်လုံးရပ်နေသော လူ ရွယ်နှင့်မိတ်ဆက်ပေး၏။
သည်နေရာတွင် ကျွန်တော်တို့ သုံးဦးသာ ရှိပါသည်။ “ကဲ လှေပေါ်တက်ဗျာ၊ ခင်ဗျားဆာမှာဘဲ လှေ ပေါ်မှာ စားကြတာပေါ့” မင်းပန်းစိန်က ပြောလိုက် ၏။
ကျွန်တော်က လှေပေါ်သို့တက်လိုက်၏။ သူ တို့နှစ်ယောက်က လှေကလေးကို ရေစပ် တွန်း ထုတ်ကြသည်။ မင်းပန်းစိန်က လှေကလေးကို အရှေ့ဘက်တည့်တည့်သို့ ဦးတည်လိုက်ပြီး ရွက်ကို ဖွင့် လိုက်သည်။
ချက်ချင်းပင် အနောက်တောင်လေဖြင့် ရွက်ပြည့် ဖေါင်း လာပြီး ရေးရေး မြင် နေ ရ သော “ကော့ဒွတ်ရွာ”ဘက်သို့ ဦးတည် ထွက်လာတော့ ၏။ (ကော့ဒွတ်ရွာသည် ကုလားကုတ် ကျွန်း၏ အရှေ့တည့်တည့် ခုနှစ်မိုင်ခန့်ဝေးသည်။)
ကိုမင်းနိုင်က ကျွန်တော် ဘေးလာထိုင်၏။ သူ့ လက်တွင် ကော်ဖီ ဓါတ်ဘူးတလုံးနှင့် ငှက်ပျောသီး များပါသည်။ သူကခွက်ထဲသို့ ကော်ဖီငဲ့လိုက်ပြီး ခွက်ကို ကျွန်တော် ရှေ့လာချ၏။
“ထမင်းတော့ ကော့ဒွတ်ရွာကျမှ စားကြတာ ပေါ့ဗျာ၊ ခုတော့ အဆာပြေ စားထားပါ၊ ခင်ဗျား ကို ကျုပ်အေးအေးဆေးဆေး ပြောပြမယ်”
ကျွန်တော်က ကော်ဖီကို မော့လိုက်၏။ လှေ ကလေးကား ပန်းစိန်၏ ပဲ့ကိုင်မှုဖြင့် အရှေ့ဘက်သို့ တရိပ်ရိပ် သွားလျက်ရှိသည်။ အရှေ့ဘက် ကမ်း ရိုးတန်းနှင့် တဖြည်းဖြည်း နီးလာသည်နှင့်အမျှ နောက် ဘက်တွင် ကား ကုလား ကုတ် ကျွန်းသည် တဖြည်းဖြည်း ဝေးကျန်ခဲ့၏။
ကောင်းကင်တွင်ကား တိမ်မြူ ကင်းစင်သဖြင့် ရွှန်းမြသော လရောင်သည် ဘော်ငွေငရာင် အဆင်းဖြင့် ပင်လယ်ပြင်အနှံ့ ဖြာကျ နေ၏။ ထို့ကြောင့်လည်း ပင်လယ်ပြင်သည် ငွေလရောင်ကြောင့် အတိုင်းမသိ လှပလွန်းနေ၏။
“ကဲ…. ဘာ့ကြောင့် ကျွန်တော့်ကို အရေးတကြီး ခေါ်တယ်ဆိုတာ ရှင်းပြပါအုံး”
ကျွန်တော်က ငှက်ပျောသီး စားနေရင်းက မေးလိုက်သည်။
“အေး…. ကျုပ်ရှင်းပြမယ်၊ ကျွန်တော်ဟာ မွန် ယဉ်ကျေးမှု အတွက် ဘယ်လောက် ကြိုးစားလုပ်နေ တယ်ဆိုတာ ခင်ဗျားအသိဘဲ၊ ခုလဲ တကယ့်ကို စိတ်ဝင်စားစရာ အဘိုးတန် အမွေအနှစ် တခု အကြောင်း သတင်းရထားတယ်၊ – ဒီနေရာဆီ ခရီး ထွက်ဘို့ဟာ ကျွန်တော် တယောက်ထဲ မဖြစ်နိုင်လို့´ ခင်ဗျားဆီ စာရေး လိုက်တာဘဲဗျာ။ ကျွန်တော်လဲ ကျောင်းပိတ် ပိတ်ချင်း ကော့ဒွတ်ရွာကို ရောက်နေ တာဘဲ”
သူက ခဏနားလိုက်သည်။ ကျွန်တော်က ဝင် မပြောသေးဘဲ၊ သူ့စကားကို ဆက်နားထောင်နေ မိသည်။
“အဲ…ကျွန်တော်ရထားတဲ့ သတင်းက ဘာလဲ ဆိုရင်. အတော့်ကို နယ်စွန်ကျတဲ့ မွန်ရွာတရွာမှာ ရှေးဟောင်း မွန်ကျောက်စာတိုင်တတိုင် တွေ့ရတယ် . ဆိုတာကတခု”
“ဘာဗျ.. မွန်ကျောက်စာ ဟုတ်လား”
ကျွန်တော်က အလောတကြီးမေးလိုက်သည်။ သူ ကသဘောကျစွာ ပြုံးလိုက်၏။ “မွန်ကျောက်စာဆိုတော့ တခါထဲ စိတ်ဝင်စား သွားတာကိုး ဟုတ်ပါတယ်ဗျာ။ မွန်ကျောက်စာတခု တွေ့ရတယ်တဲ့ နောက်တခုက အဲဒီရွာမှာဘဲ၊ မွန်ဂီတဆရာကြီးတယောက် ရှိသတဲ့၊ ဒီအဖိုးကြီးဟာ ရှေး မွန် သီချင်းကြီးတွေကော ၀ါးပတ္တလားနဲ့ တီးတတ်သတဲ့ ခုထိ ဝါးပတ္တလားနဲ့ “မိကျောင်း”ကို တီး တုန်းတဲ့ဗျ”
“ကိုမင်းခိုင် ခင်ဗျားကြားရတဲ့သတင်းဟာ ဟုတ် မှဟုတ်ရဲ့လားဗျာ သေချာသတဲ့လား”
“သေချာပါတယ်ဗျ၊ ဒါ့ကြောင့်လဲ ခင်ဗျားကို ခေါ်လိုက်တာပေါ့။ ကျောက်စာနဲ့ ပတ်သက်ရင် ခင်ဗျားက ပိုပြီး နားလည်တယ်၊ နောက်ပြီး ကျွန်တော်က တရောထိုးတတ်တယ်၊ ဂီတသင်္ကေတ ရေးတတ်တယ် ဆိုပေမဲ့၊ တေးသွားကိုသာ တကြောင်းသင်္ကေတနဲ့ ရေးတတ်တာ၊ ပတ္တလားနဲ့ တီးတဲ့ အတွဲ (Chords) ကျတော့ ခင်ဗျားက ပိုပိုင်တယ်မဟုတ်လား”
“ဒီမယ် ကိုမင်းခိုင် ကျုပ်ကို ပင့်မနေစမ်းနဲ့ ဗျာ လိုရင်းကိုသာ ပြောစမ်းပါ”
သူက ဆတ်ကနဲ ခေါင်းထောင်လာပြီး ကျွန်တော် မျက်နှာကို လေးနက်တည်ကြည်စွာ စိုက်ကြည့်လာ၏ ကိုမင်းခိုင်၏ အကြည့်ကား ကျွန်တော် တကိုယ်လုံး ကို ဖေါက်ထွင်း သွားတော့မတတ် စူးရှလွန်းသည် ထင်၏။
“ကျွန်တော် ဒီရွာကိုသွားဘို ဆုံးဖြတ်ထားတယ် အဲဒါ ခင်ဗျား လိုက်နိုင် မနိုင် သိချင်တယ် ဒါဘဲ” “ခင်ဗျားလဲ ကျုပ်အကြောင်း သိသားဘဲ၊ ကိုမင်းခိုင်ရာ၊ မွန်ယဉ်ကျေးမှုအတွက် ခင်ဗျားလုပ်နေသလို ကျုပ်လဲ လုပ်နေတာဘဲ။ ဒီနွေ ကျောင်းပိတ်ရက် အားလုံး ယဉ်ကျေးမှုလုပ်ငန်းအတွက် အချိန်ပေးဘို့ ကျုပ်ဆုံးဖြတ်ထားပြီးသားဗျ၊ ခင်ဗျားပြောတဲ့ နေရာ ကို ဆယ်ခါလိုက်မယ်”
ကျွန်တော်က စိတ်အားတက်ကြွစွာ ပြောလိုက်မိသည်။ သူက ကျွန်တော် လက်ကို အားပါးတရ ဆုပ်ကိုင်ထား၏။ ဟုတ်ပါသည်။ ကျွန်တော်တို့ ကဲ့သို့သော အပျော်ထမ်း သုတေသီများအတွက် မွန်ကျောက်စာနှင့် မွန်ဂီတဆရာကြီးဟူသည် အလွန်မှ စိတ်ဝင်စားဘွယ် ကောင်းနေသည် မဟုတ်ပါလား။
(၂) ကိုမင်းခိုင်၏ အတိတ်ဇာတ်ကြောင်း။
စင်စစ် ကိုမင်းခိုင်၏ အတိတ်ဇာတ်ကြောင်း ဆိုသော်လည်း ကျွန်တော်၏ အကြောင်းလည်း အနည်းငယ် ပါလိမ့်မည်။
၁၉၆၄- ခုတွင် ကျွန်တော်သည် မြောင်းမြ စိုက်ပျိုးရေးတန်းမြင့်ကျောင်းမှ အောင်မြင်ခဲ့ပြီး မန္တလေး ဆရာအတတ်သင် ကောလိပ်သို့ သင်တန်း တက်ခဲ့သည်။ ဤကျောင်းတွင်ပင် ကိုမင်းခိုင်နှင့် တွေ့ဆုံ သိ ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ကိုမင်းခိုင်သည် မော်လမြိုင်နယ်မှ အလယ်တန်းဆရာဖြစ်သင်တန်း လာရောက် တက်နေသူဖြစ်သည်။
ဂီတကို ခုံမင်သူများပီပီ ညနေအားလပ်ချိန်တွင် အနုပညာ ပန်တျာညကျောင်းသို့ အတူ တက်ရောက် ကြသည်။ သူက တရောဘာသာကိုယူ၍ ကျွန်တော်က ဂီတာသင်သည်။ ကျွန်တော်တို့ ဆရာမှာ ဦးချစ်ထွေး (ယခု-အငြိမ်းစား) ဖြစ်၍ အဆိုဆရာမှာ ပန်တျာ- ဆရာထူး ( ကွယ်လွန်) ဖြစ်သည်။ ကျွန်တော်က ဂီတာအပြင် မယ်ဒလင် ချန်ပီယံ ကိုမင်းမောင် (ပန်တျာ ကျောင်းသား) ထံမှလည်း မယ်ဒလင်ပညာ သင်ယူသည်။
၁၉၆၆-ခု လွတ်လပ်ရေးဂီတပြိုင်ပွဲတွင် ကျွန်တော်က ဂီတာ ပဋ္ဌမရ၍ ကိုမင်းခိုင်က တရော ဒုတိယ ရ သည်။ ထိုနှစ်အကုန်တွင် သူသင်တန်းပြီး၍ ဆင်းသွားသည်။ မော်လမြိုင်နယ် ရွာကြီးတရွာတွင် အလယ် တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ အားလပ်ချိန်များတွင် မွန်ယဉ်ကျေးမှု စည်ပင်ရေးအတွက် အထူးဆောင်ရွက်နေကြောင်းလည်း သိရ၏။ မော်လမြိုင်၊မုဒုံ၊ သံဖြူဇရပ်၊ ရေးနယ်များရှိ မွန်ရွာများသို့ အ နှံ့အပြားထွက်ကာ ကဗျာ၊ သီချင်း၊ ပုံပြင် စုဆောင်း နေကြောင်း မကြာခဏ စာရေး၏။
ကျွန်တော်မှာ တနှစ်ဆက်၍ တက်ရပြီး သင်တန်း ပြီးဆုံးသောအခါ ကံချွန်သူပီပီ စိုက်ပျိုးရေးကျောင်း တွင် မြန်မာပြည်၏ တောင်ဘက်အစွန်ဆုံးဖြစ်သည့် ပုလော အထက်တန်းကျောင်းတွင် တာဝန်ကျ၏။
ကိုမင်းခိုင်မှာ အမြဲတမ်း ကုတ်ကုတ် နေတတ် ၏။ အရပ် ၅ ပေ-၄လက်မမျှ ရှိပြီး အနည်းငယ်ပိန်၏။ တည်ငြိမ် စူးရှသော မျက်လုံးတစုံသည် သူ၏ အထူး ခြားဆုံးလက္ခဏာဖြစ်သည်။ ကိုမင်းခိုင်၏ အတိတ်ပိုင်းဆိုင်ရာက ဤမျှသာ ကျွန်တော် သိရှိထားသည်။
-ဆက်ရန်