သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြန်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ (၁၀) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်က အတွင်းစခန်းကြီးကျေးရွာနေ အသက် (၃၅) နှစ်အရွယ် ကိုဗထူးယူ ဆိုသူ ကရင်အမျိုးသားမှာ ဇနီးဖြစ်သူ မစွယ် ဆိုသူနှင့် အတူ အတွင်းစခန်းကြီးကျေးရွာအနီး ရော်ဘာခြံထဲသို့သွားရောက်စဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မြေမြှုပ်မိုင်းနင်းမိတဲ့ ကိုဗထူးယူ မှာ ညာဘက်လက်ကျိုးသွားသလို ဘယ်ဘက်ခြေထောက်ပါ ကျိုးသွားတယ်၊၊ အဲ့ဒီမပြင် ညာဘက်ပါးပွန်းခြစ်ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာလည်း မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။ ကိုဗထူးယူ ရရှိခဲ့တဲ့ ဒဏ်ရာတွေက ပြင်းထန်တယ်တယ်လို့ သိရပါတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။
မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကိုဗထူးယူ မှာ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
အလားတူ သံဖြူဇရပ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ (၂၂) ရက်နေ့မှ စက်တင်ဘာလ (၂) ရက်အတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု (၅) ကြိမ်ဖြစ်ပွားခဲ့ကာ၊ ဒေသခံပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
Photo-မြေမြှုပ်မိုင်းနင်းမိသူ