သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေများ၊ ကျားဖောင်းများ၌ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွာနေပြီး လတ်တလောလှေလုပ်သား (၂) ဦးသေဆုံးကာ၊ လှေလုပ်သားများအပါအဝင် ဒေသခံတချို့ကူးစက်ဖြစ်ပွားမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်းက ပင်လယ်ပြင်ငါးဖမ်းစက်လှေများနှင့် ကျားဖောင်များ၌ ဝမ်းပျက်ဝမ်းပျက်ရောဂါမျာဖြစ်ပွားနေသည်ဟုကြားသိရကြောင်း ကျိုက္ခမီဒေသခံတစ်ဦးက ပြောကြားသည်။
“လောလောဆယ် ငါးဖမ်းလှေနှစ်စီးက လှေလုပ်သား တစ်ဦးစီ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ မနေ့က (စက်တင်ဘာလ (၁၀) ရက်) သေဆုံးသွားတယ်လို့ ကြားသိရတယ်။ ရုပ်အလောင်းတွေကို ကမ်းကိုပြန်သယ်လာတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။ ထို့အပြင် ကျိုက္ခမီမြို့မှ လှေလုပ်သားများအပါအဝင် ဒေသခံတချို့မှာလည်း ဝမ်းပျက်ဝမ်းရှောရောဂါများဖြစ်ပွားနေသည့်အတွက်ကြောင့် ကျိုက္ခမိမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။.
လတ်တလော ကျိုက္ခမီမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအပါအဝင်အစားအစာများရောင်းချသည့်ဈေးဆိုင်များအား ယာယီပိတ်ထားရန် မြို့အုပ်ချုပ်ရေးအဖွဲ့ညွန်ကြားချက်ထုတ်ထားကြောင်းလည်း ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်၊ အောင်ပင်လယ်ရပ်ကွက်နှင့် မြမာလာကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါပိုမိုဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ ကလိုရင်းဆေးများဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။