မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်မှ မျောက်ကျောက် (Monkeypox) သံသယလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဌာန နှင့် နီးစပ်သူများထံမှ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော “ရွှေမြန်မာ” ခရီးသည်တင်မှန်လုံယာဉ်ပေါ် လိုက်ပါလာသူ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးတွင် မျောက်ကျောက်ရောဂါလက္ခဏာများတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အဲ့ဒီ သံသယလူနာက ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ကျောက်ခြံရွာ၊ နဝင်းကွက်သစ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးလို့ သိရပါတယ်။ သံသယလူနာနဲ့ ခရီးသည်တင်မော်တော်ယာဉ်ပေါ်လိုက်ပါလာကြတဲ့သူတွေကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးစစ်မှုခံယူနေကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ခရီးသည်တင်မော်တော်ယာဉ်ပေါ်လိုက်ပါလာကြသူများအကိုလည်း မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ထို့နောက် ခရီးသည်များအား ပြန်လည်သွားလာခွင့်ပြုခဲ့ပြီး၊ သံသယလူနာအား ဆေးစစ်မှုအဖြေစောင့်ဆိုင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂) ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မလေးရှားနိုင်ငံမှ လေကြောင်းဖြင့်ပြန်လာသူအမျိုးသမီးတစ်ဦးတွင်လည်း မျောက်ကျောက် (Monkeypox) ရောဂါ သံသယလက္ခဏာများတွေ့ရှိရ၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာန တွင် ကြပ်မတ်ကုသမှုပေးထားကြောင်း သိရသည်။
မျောက်ကျောက်ရောဂါ (Monkeypox) ကို ပြီးခဲ့သည့် ဩဂုတ်လ (၁၄) ရက်နေ့က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါ (Monkeypox) သံသယဖြစ်ဖွယ် လက္ခာဏာများမှာ မျက်နှာ၊ ပါးစပ်၊ လက်၊ ခြေထောက်၊ စအိုဝန်းကျင် နှင့် လိင်အင်္ဂါ အနီးဝန်းကျင်တွင် အနီကွက်များထွက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ဖျားခြင်း၊ ကိုယ်အပူချိန် ၃၈.၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ပူခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ကျောအောင့်ခြင်း၊ မောပန်းနွမ်းနွယ်ခြင်းတို့ဖြစ်တတ်ကြောင်း နှင့် မျောက်ကျောက်ရောဂါပိုး စတင်ဝင်ရောက်ပြီး (၁) ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများစတင်ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်များအရ သိရသည်။
Photo Credit – ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာန