သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့သို့သွားရောက်သော သက္ကော့လမ်းခွဲစစ်ကောင်စီ လုံခြုံရေးဂိတ်အနီးရှိ Eon Saw Mon အထပ်သားစက်ရုံအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာခဲ့ကြောင် ဒေသခံများထံမှ သိရသည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် (၂၆) နှစ်အရွယ် ကိုကျော်ထွဋ်ခေါင် (ခ) ကျော်ထွဋ် ဆိုသူ သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေ ဖြစ်ကြောင်း၊ ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက Eon Saw Mon အထပ်သားစက်ရုံအနီးတွင် မြက်များရှင်းနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မိုင်းပေါက်ကွဲတဲ့အရှိန်နဲ့ ကိုကျော်ထွဋ် ရဲ့ နောက်ကျောပြင်မှာ ပေါက်ပြဲဒဏ်ရာတွေရသွားသလို၊ လက်တွေမှာလည်း မိုင်းစထိမှန်ဒဏ်ရာတွေရသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကိုကျော်ထွဋ်ခေါင် (ခ) ကျော်ထွဋ် အား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၇) ရက်နေ့ကလည်း ရဲတံခွန်ကျေးရွာနေ မောင်မျိုးမင်းထွန်း ဆိုသူမှာ Eon Saw Mon ရော်ဘာစက်ရုံအနီးတွင် ဝဥတူးဖေါ်ပြီးအပြန်တွင် ဒရုန်းဗုံးထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ သက္ကော့လမ်းခွဲစစ်ကောင်စီ လုံခြုံရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဗုံးဖြင့်မကြာခဏတိုက်ခိုက်လေ့ရှိပြီး Eon Saw Mon အထပ်သားစက်ရုံနှင့် ၂ ကီလိုမီတာကျော်သာ ဝေးကွာကြောင်း Google Map ဖော်ပြချက်အရ သိရသည်။