ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာ ကျားဖြန့်လို့ခေါ်တဲ့ တရုတ်ငွေလိမ်လုပ်ကိုင်သူတွေ ထွက်ခွာသွားဖို့ ကရင်နယ်ခြားစောင့်တပ်-BGF က သတိပေးစာတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ တရုတ်တွေအတော်များများဟာ သောင်းရင်းမြစ်ကမ်းနံဘေးကနေ ဘုရားသုံးဆူမြို့ကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လို့ ဝင်ရောက်လာပါပြီ။
မြို့ပေါ်က တည်းခိုခန်းအားလုံးလိုလိုမှာ တရုတ်တွေက လချုပ်နဲ့အပြတ် ငှားထားကြသလို ၂ ထပ်တိုက် လုံးချင်းအိမ်တွေ ဆိုရင်လည်း တစ်လကို အနည်းဆုံး ဘတ် ၂ သောင်းခွဲကနေ ၇ သောင်းအထိ အိမ်ငှားခပေးပြီး အဖွဲ့လိုက် စုပြီးနေထိုင်နေကြတာ တစ်မြို့လုံးမှာ တရုတ်တွေနဲ့ ပြည့်နှက်နေတယ်လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုပါတယ်။
“ကျနော်တို့ ဘုရားသုံးဆူမြို့ကိုတော့ တရုတ်တွေ အတော်များများ ရောက်နေကြပါပြီ၊ မြို့ပေါ်က တည်းခိုခန်း အားလုံးနီးပါးကို တရုတ်တွေ ငှားလိုက်လို့ အကုန်လုံးနီးပါးပြည့်နေတော့ အပြင်က ဧည့်သည်တွေလာရင် တည်းဖို့နေရာ လုံးဝ မရှိတော့ပါဘူး ”
ဘုရားသုံးဆူမြို့ရှိ တည်းခိုခန်းများမှာ အမှတ် ၁ ရပ်ကွက် သီရိရတနာလမ်းတွင် Mother love တည်းခိုခန်း၊ ရဲစခန်း ဂေါက်ကွင်းအနီးက အင်ကြင်းပန်း၊ အမှတ် ၂ ရပ်ကွက် ဒေါနလမ်းမှ သဇင်ဖြူတည်းခိုခန်းနဲ့ ရေတွင်းလမ်းက သဇင်ဦး တည်းခိုခန်း၊ ဥဒေါင်းကန် ၇ လမ်း ယမင်းတည်းခိုခန်း၊ ဥဒေါင်းကန်ရှေ့က ဒိုးဒိုးတည်းခိုခန်း၊ ဥဒေါင်းကန် ၈ လမ်း မြရတနာလွင် တည်းခိုခန်း၊ အမှတ် ၄ ရပ်ကွက် မက္ကသာလမ်းက ဇွန်ပွင့်တည်းခိုခန်းတို့မှာ တရုတ်တွေ လပြတ်ငှားထားကြတယ်လို့ ဆိုပါတယ်။
ထို့ပြင် KTV ကာရာအိုကေဆိုင်များမှာလည်း ယမန်မနှစ်ကနဲ့မတူတော့ဘဲ တရုတ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက အရာရှိတွေနဲ့ အလွန်စည်ကားလာပြီလို့လည်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ဖူးတဲ့ လူငယ်တစ်ဦးက ဆိုပါတယ်။
“ကာရာအိုကေက အမှတ်(၁) ရပ်ကွက် ဓမ္မဂီရိတောင်ခြေနားမှာ ရွှေမဂႅလာ(၁) ဆိုတာရှိပါတယ်၊ အခန်းပေါင်း ၉ ခန်းလောက်ရှိပါတယ်၊ စာဖိုမှူး၊ ဝိတ်တာ၊ ကောင်မလေးတွေ အာလုံးပေါင်း အယောက် ၅၀ လောက်ရှိပါတယ်၊ အခန်းကို သုံးမျိုးသုံးစားခွဲထားပါတယ်၊ သာမန်အခန်းကို တစ်နာရီ ၂၅၀ ဘတ်၊ အလတ်စားအခန်းကို တစ်နာရီဘတ် ၅၀၀ ၊ ပေါင်းအိုးတွေနဲ့ ရှီရှားတို့ဘာတို့ စပယ်ရှယ်အခန်းမှာတော့ တစ်နာရီ ဘတ် ၁၀၀၀ ပေါ့”
ထို့အတူ အမှတ် (၂) ရပ်ကွက် ဥဒေါင်းကန် (၈) လမ်းက ရွှေမဂႅလာ (၂) မှာတော့ KTV နဲ့ တွဲပြီး မာဆတ်အနှိပ်ခန်းလည်းရှိသလို တိုင်းရင်းသူ မိန်းခလေးငယ်တွေက အသားဖြူဖွေးတာကြမို့ ကချင်ပြည်နယ်ဘက်မှ ရောက်လာကြတယ်လို့ သူကယူဆပါတယ်။
“ရွှေမဂႅလာ (၂) KTV မှာတော့ ခလေးမတွေ သုံးလေးဆယ် လောက်ရှိပါတယ်၊ ကချင်ဘက်က လာတဲ့ခလေးမလေးတွေပေါ့၊ တိုင်းရင်းသားလူမျိုးစုံဆိုတော့ သူတို့ အသားအရေတွေက ဖြူဖွေးနေတာပဲ၊ ရန်ကုန်ဘက်က အချိတ်အဆက်တွေနဲ့ ဒီဘက်ကို ရောက်လာကြတဲ့ ခလေးမလေးတွေပါ”
KTV နှစ်ခုလုံးမှာ အစားအသောက်တွေက အရမ်းစျေးကြီးသလို အပြင်က ၅ ဘတ်တန် ရေသန့်တစ်ဗူးကို KTV မှာ ဘတ် ၂၀၊ ဝီစကီရွှေတောင့်တစ်တောင့် ၄၀၀ ဘတ်၊ ၁၅ ဘတ်တန် Leo ဘီယာတစ်ဗူးကို KTV မှာ ဘတ် ၄၀ နဲ့ ၃၅ ဘတ်တန် မြန်မာဘီယာပုလင်းကို ဘတ် ၁၂၀ အထိစျေးပေါက်တယ်လို့ ဆိုပါတယ်။
အမှတ်(၁) ရပ်ကွက်ရှိ ထိုင်းနိုင်ငံခြံစည်းရိုးနဲ့ကပ်လျက်နေရာများမှာ ကာစီနိုရုံတွေ ရှိနေတယ်လို့ ဆိုင်ကယ်တက္ကစီမောင်းသမား တစ်ဦးက ဆိုပါတယ်။
“ရပ်ကွက် (၁) ကနေပြီးတော့ ဓမ္မဂီရိတောင်ခြေသွားတဲ့လမ်းတလျှောက်မှာတော့ ငါးဂိမ်းတွေများတယ်၊ သီရိရတနာလမ်းကနေပြီးတော့ ထိုင်းနယ်စပ်နဲ့ကပ်လျက် ခြံစည်းရိုးဘက်တွေမှာ ကာစီနိုရုံများတယ်၊ အကုန်လုံး အဲမှာ စုပြီးနေကြတယ်၊ NNP ဆိုတဲ့ ကျားခေါင်းကြီးနဲ့ ခေါင်းစဥ်တပ်ထားတဲ့ နေရာမှာ အဆောက်အဦးကြီးရှိ တယ်၊ ဟိုဆိုင်ခန်းလေးတွေမှာ ဖွင့်ထားတာက 777 တို့၊ 99999 တို့ 555 တို့ ဖွင့်ထားတယ်”
ကာစီနိုရုံများမှာ စစ်ယူနီဖောင်းအပြည့်အစုံနှင့် အစောင့်များထားရှိသော်လည်း ဘက်တဆိပ် တပ်ဆင်ထားခြင်း မရှိကြပေ၊ လက်နက်ပါတဲ့အစောင့်ရှိသလို လက်နက်မပါတဲ့အစောင့်တွေများမှလည်း အဖွဲ့အစည်းကိုယ်စားပြုဘက် တဆိပ်လုံးဝမပါကြသဖြင့် မည်သည့်အဖွဲ့အစည်းက တရုတ်တွေအပေါ် နေရာချထားပေးနေတာကိုတော့ မပြောလိုကြပေ။
“ဘက်တဆိပ်မပါဘဲနဲ့ ယူနီဖောင်းအပြည့်ဝတ်ထားတဲ့ အစောင့်တွေရှိတယ်၊ အစောင့်တွေ ထားတာက MMP နေရာ ဒေါ်ဝင်း ဘိရုံနဲ့ မျက်နှာချင်းဆိုင်မှာ တရုတ်စာလုံးနဲ့ရေးထားတဲ့ ကျားခေါင်းပုံကြီးနဲ့ အဲဒီမှာ လုံခြုံရေးအစောင့်အရှောက်တွေ ထောင့်လျှောက်ထားတယ်၊ ဆိုင်သေးသေးတွေမှာတော့ အစောင့်မရှိသေးဘူး” ဟု ၄င်းက ဆက်ပြောပါတယ်။
လက်ရှိဘုရားသုံးဆူမြို့ကို စစ်ကောင်စီက အုပ်ချုပ်နေသလား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုကဘဲ အုပ်ချုပ်နေသလားဆိုတာ အဖြူအမဲ မသဲကွဲ ဖြစ်နေကြဆဲပင်။
မြို့စောင့်တပ်ဖြစ်တဲ့ စစ်ကောင်စီ ခမရ၂၈၄ က တပ်ရင်းဧရိယာ အတွင်းမှာပဲ ရှိနေသလို ရဲတွေကလည်း စခန်းဝင်းအထဲကနေ အပြင်မထွက်ကြပါ။ ထွေအုပ်အပါအဝင် ဘယ်ဌာနဆိုင်ရာအရာရှိကိုမှ မြို့ပေါ်မှာ မတွေ့ရတော့ပါဘူး။
သို့သော်လည်း ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ဖြတ်သန်းမှုတွေကအစ ဘက်တဆိပ်မပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုက လုပ်ကိုင်ဆောင်ရွက်နေတာကို မြင်တွေ့နေရပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ ဘုရားသုံးဆူကို လက်လွှတ်လိုက်ပြီလားဆိုတာ ယတိပြတ်တော့ မပြောနိုင်သေးပါ။ ဒါပေမယ့် စစ်ကောင်စီနဲ့ အပေးအယူတမျိုးမျိုးတော့ လုပ်ထားကြမှာ သေချာတယ်။
ခြံစည်းရိုးချင်း ကပ်ပြီးရှိနေတဲ့ ထိုင်းအာဏာပိုင်တွေကလည် ဘုရားသုံးဆူရဲ့ ကျားဖြန့်လုပ်ငန်းတွေအပေါ် အထူးသတိထားပြီး စောင့်ကြည့်နေကြပါတယ်။ ထိုင်းဘက်ကို လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါးတင်သွင်းခြင်း ဂုဏ်ပုဒ်တွေနဲ့ မူလကတည်းက နာမည်ကြီးနေတဲ့ ဘုရားသုံးဆူမြို့ဟာ ကျားဖြန့်လုပ်ကိုင်မယ့် တရုတ်တွေဝင်လာရောက်လာနေတာကို ပိုပြီးတော့ သတိထားစရာ ဖြစ်လာပြန်ပါတယ်။
စင်စစ် မြဝတီမြို့နယ်က ကရင်နယ်ခြားစောင့်တပ်-BGF မောင်းထုတ်လိုက်တဲ့တရုတ်လူမျိုးတွေ ဘုရားသုံးဆူမြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပဲ ဖြစ်ပါတယ်။ ဒီကျားဖြန့်လုပ်ငန်းဟာ ဘယ်အထိ သံသရာရှည်နေဦးမှာလဲ မသိနိုင်ပါ၊ စစ်ကောင်စီ အရိပ်အောက်မှာရှိတဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ ရွှေကုက္ကိုမြို့သစ်ကနေ တရုတ်ရဲ့ဖိအားကြောင့် ကျားဖြန့်ဂိုဏ်းသားတွေက ဥပယ်တံမျဥ်နဲ့ ဘုရားသုံးဆူမြို့ကို ပြောင်းရွှေ့လာတာဘဲ ဖြစ်တာမို့ ဒီကျားဖြန့်လုပ်ငန်းတွေ ရှေ့မှာ ဘယ်လိုများ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည်သွားဖို့သာ ရှိပါကြောင်း။
ကျေးဇူးတင်ပါတယ်။
ကောင်းဝါအယ်ဒီတာအဖွဲ့