မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မြှုပ်နှံထားသည်ကိုမသိရသော မြေမြှုပ်မိုင်းတစ်လုံး နင်းမိသည့်အတွက် ရဲတံခွန်ရွာသားတစ်ဦး ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနေ အသက် (၃၀) နှစ်အရွယ် ကိုစိုးသန်း ဆိုသူမှာ ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်က ထင်းခုတ်ရန်အတွက် နေအိမ်မှ ဘုန်းကြီးကျောင်းအနီးရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စဉ် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မြေမြှုပ်မိုင်းနင်းမိတဲ့ ကိုစိုးသန်းမှာ ခြေထောက်နှစ်ဖက်လုံးမှာ မိုင်းစထိမှန်ဒဏ်ရာတွေရရှိသွားပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုစိုးသန်းအား ဒေသခံလူမှုကူညီရေးအဖွဲ့မှ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်နေ့ ညနေပိုင်းအချိန်က စစ်ကောင်စီ အမတ (၃၁၅) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ရဲတံခွန်ကျေးရွာအနီး ရော်ဘာခြံအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ၊ နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။